ဒို့ဇာတ်

ကျား/မဖြစ်တည်မှု၊ အသက်၊ လူမျိုးနှင့် လူမျိုးစု၊ လိင်စိတ်ခံယူမှုတို့အအပေါ်မူတည်၍ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ၊ နှောင့်ယှက်ခံရမှုများနှင့် အနိုင်ကျင့်ခံရမှုများကြောင့် ရရှိခဲ့ရသည့် စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးအခက်အခဲများ နှင့်ပတ်သက်သည့် အဖြစ်အပျက်ဇာတ်လမ်းများကို မီဒီယာအမျိုးမျိုးသုံး၍ ဝေမျှကြရာ နေရာတစ်ခု။

“ဒို့ဇာတ်” ဆိုတာ လူတစ်ယောက်ရဲ့ ကျား/ မဖြစ်တည်မှု၊ အသက်၊ လူမျိုး/ လူမျိုးစု၊ လိင်စိတ်ခံယူမှုတို့ပေါ် မူတည်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ၊ နှောင့်ယှက်ခံရမှုတွေ၊ အနိုင်ကျင့်ခံခဲ့ရမှုတွေရဲ့ နောက်ဆက်တွဲ စိတ်ခံစားမှု ဆိုင်ရာ ကျန်းမာရေးအခက်အခဲတွေနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်နဲ့ ဇာတ်လမ်းတွေကို ဒစ်ဂျစ်တယ်မီဒီယာအမျိုးမျိုးသုံးပြီး ကာယကံရှင်တွေရဲ့ ရှုထောင့်ကနေ  ပြန်လည်ဝေမျှပြောဆိုကြတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

တကယ့်လက်တွေ့အခြေအနေမှာက အဲ့ဒီလို စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးပြဿနာခံစားနေရတဲ့သူတွေအတွက် သူတို့ရဲ့ ပြဿနာတွေကို ထုတ်ဖော်ပြောကြားနိုင်ဖို့ထက် အသံတိတ်နေရဖို့ ဒါမှမဟုတ် အထူးအဆန်းသတ္တဝါ တစ်ယောက်လို  ဆက်ဆံခံရဖို့က ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ သူတို့အများစုမှာက စိတ်ဒဏ်ရာတွေကြောင့် ဒီလို အဖြစ်အပျက်တွေကို ပြန်လည်ဝေမျှနိုင်ဖို့ ခက်ခဲကြရကြရသလို တချို့တွေဆို ခံစားခဲ့ရတဲ့သူအပေါ် အပြစ်တင် ဝေဖန်ခံရမှာ၊ ပိုပြီးအကြမ်းဖက်ခံရမှာ ဒါမှမဟုတ် လက်ရှိရထားပြီးဖြစ်တဲ့ အထောက်အပံ့လေးတွေ လက်လွှတ်ဆုံးရှုံးလိုက်ရမှာ စိုးရိမ်ကြောက်ရွံ့နေကြရတာမျိုးလည်း ရှိကြပါတယ်။

အဲ့ဒီလိုအဖြစ်အပျက်ဇာတ်လမ်းတွေကို ကမ္ဘာကြီးက ကြားသိဖို့လိုတယ်လို့ ‘ဒို့ဇာတ်’က ခံယူထားပါတယ်။ ဒီလို အဖြစ်မှန်တွေကို ဝေမျှပေးမှသာ ဖတ်ရှုကြားသိကြရသူတွေအနေနဲ့ သူတို့ကိုယ်တိုင်ဖြစ်စေ မိသားစု၊ အသိ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်နဲ့ အခြားသော သူတွေရဲ့စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ လာရတဲ့အခါ လိုအပ်သလို ပြောင်းလဲပြီး ရင်ဆိုင်ကျော်ဖြတ်ဖို့ စိတ်ခွန်အားရမယ်လို့လည်း မျှော်လင့်ပါတယ်။

အနုပညာဆိုတာ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့၊ လူထုအခြေပြု အသိုက်အဝန်းတွေ တည်ဆောက်နိုင်ဖို့၊  အချင်းချင်းဆက်သွယ်ဖို့နဲ့  ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေဖို့ စွမ်းဆောင် နိုင်တဲ့ ကိရိယာတစ်ခုလို့ ‘ဒို့ဇာတ်’က ယုံကြည်ထားပါတယ်။ ဒါကြောင့်ပဲ စိတ်ခံစားမှုကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင် နေတဲ့သူတွေရဲ့ အတွေ့အကြုံတွေကို အနုပညာလက်ရာတွေက တစ်ဆင့် ဖော်ထုတ်တင်ပြနိုင်ဖို့ ‘ဒို့ဇာတ်’ က အနုပညာရှင်အမျိုးမျိုးနဲ့လက်တွဲကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာအမျိုးမျိုးဆိုတာမှာ ရုပ်ပုံ၊ သရုပ်ဖော် တင်ဆက်မှု၊ ဂီတ၊ ပန်းချီ၊ ရုပ်ပြကာတွန်း၊ animation၊ ကဗျာ၊ လက်မှုပညာ၊ ပိုစတာနဲ့ ရုပ်ရှင်စတဲ့ နယ်ပယ် အမျိုးမျိုးကို အသုံးပြုပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေအကြောင်း လူထုကို အသိပညာ မြှင့်တင် ပေးသလို အနုပညာရဲ့ စွမ်းပကားကို အသုံးချပြီး စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ပေးအပ်ခြင်းအားဖြင့်  ပိုမိုကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာနိုင်ရေး အကျိုးပြုဖို့ ရည်ရွယ်ထားပါတယ်။ 

“ဒို့ဇာတ်”အနေနဲ့ ဒေသခံ လက်မှုပညာရှင်များနဲ့ လက်တွဲလုပ်ဆောင်ပြီးတော့လည်း အိတ်တွေ၊ လက်ဝတ်ရတနာ တွေ၊ လက်မှုပစ္စည်းတွေစတဲ့ အနုပညာပစ္စည်းတွေ ထုတ်လုပ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို ထိခိုက်ခံစားခဲ့ရ တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ပြန်လည်ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

 

Doh Zat | connecting our stories